​​

What is "Social Work"

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ အနေနဲ့ ဝေါဟာရအခေါ်အဝေါ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ Social Work ဆိုတဲ့ ဝေါဟာရလေးပဲ ဖြစ်ပါတယ်။ Social Work ဆိုတာ ဘာလဲ??ဘယ်လိုအခန်းကဏ္ဍတွေမှာပါဝင်သလဲ??ဆိုတာကို ရင်းနှီးကျွမ်းဝင်လာအောင် ဒီနေ့ Post လေးကနေ စတင်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။




Social Work ဆိုတာဘာလဲ။

International Federation of Social Workers (IFSW) နဲ့ National Association for Social Workers (NASW) တို့ကိုကိုးကားပြီးတော့ ဒီဝေါဟာရရဲ့ အဓိပ္ပာယ်ကို အောက်ပါအတိုင်းဖွင့်ဆိုထားပါတယ်။

Social Work ဆိုတာဟာ လူတစ်ဦးချင်း၊ မိသားစုများ၊ လူအုပ်စုများ သို့မဟုတ် ရပ်ရွာလူထုများနှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွင်း ရင်ဆိုင်ကြုံတွေ့နေရ တဲ့လူမှုအခက်အခဲများကိုဖြေရှင်းရာမှာ သူတို့ရဲ့လုပ်ကိုင်နိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးသော သို့မဟုတ် ပြန်လည်ထူထောင်ပေးသော၊ သို့တည်းမဟုတ် ၎င်းရည်မှန်းချက်များအတွက် သင့်လျော်သော လူမှုဘဝအခြေအနေတွေကို ဖန်တီးပေးတဲ့အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ပါတယ်။

တနည်းအားဖြင့် Social Work ဆိုတာဟာ လက်တွေ့လူမှုရေးလုပ်ငန်းတစ်ခုဖြစ်ပြီးတော့ လူ့သက်တမ်းတစ်လျှောက် ထိခိုက်လွယ်တဲ့ လူအုပ်စုများ (ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ LGBTQများ) ရဲ့ လိုအပ်ချက်များနဲ့ အခွင့်အရေးများကို ရရှိစေရန်အတွက် ချမှတ်ထားသော စံတန်ဖိုးများ၊ ကျင့်ဝတ်များနှင့်အညီ လုပ်ဆောင်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။




ထို့အပြင် လူ့ဘောင်အဖွဲ့အစည်းအတွင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှု‌ပြဿနာတွေဖြစ်တဲ့ လမ်းပေါ်နေကလေးများ၊ မူးယစ်ဆေးစွဲနေသူများ၊ အိမ်တွင်းအကြမ်းဖက်ခံရသူများနဲ့ လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရသူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ လူကုန်ကူးခံရသူများ၊ စစ်ဘေးရှောင်ဒုက္ခသည်များ အပြင် ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အိုးမဲ့အိမ်ယာမဲ့ဖြစ်မှုနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်ရှိမှု စတဲ့ပြဿနာတွေအပါအဝင် လူမှု‌ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။





Social Worker တွေက ဘယ်သူတွေလဲ။
သူတို့ကရော ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် ဘယ်လိုအကျိုးပြုနေကြပါသလဲ။

“Social worker means a professional who uses social work methods and skills to provide social work services to individuals, families, groups and communities and who has the prescribed professional qualifications to engage in the practice of social work.”

လူမှု၀န်ထမ်းဆိုသည်မှာ လူမှုရေးလုပ်ငန်းများ၌ ကျွမ်းကျင်ပညာရှင်အဖြစ်သတ်မှတ်ခံထားရသူများမှ လူမှုရေးလုပ်ငန်းဆိုင်ရာနည်းလမ်းများနှင့်ကျွမ်းကျင်မှုများကို အသုံးပြု၍ တစ်ဦးချင်းစီ၊ မိသားစုများ၊ အုပ်စုများနှင့် ရပ်ရွာများအား လူမှုဝန်ဆောင်မှုများပံ့ပိုးပေးသူ ဖြစ်သည်။


အထက်မှာဖော်ပြခဲ့တဲ့ လူမှုဆိုင်ရာပြဿနာများ ကြုံတွေ့နေရချိန်မှာ Social Worker ‌တွေဟာ ၎င်းတို့တစ်ဦးချင်းစီနဲ့ မိသားစု တစ်စုချင်းစီမှာရှိနေတဲ့ အကောင်းဆုံးအရည်အသွေးတွေကို ရှာဖွေဖော်ထုတ်ပေးပြီး မိမိတို့ဘာသာရပ်တည်နိုင်အောင် ကူညီပေးတဲ့သူတွေပဲဖြစ်ပါတယ်။ လူမှုရေးတရားမျှတမှု၊ လူ့အခွင့်အရေးများရရှိဖော်ဆောင်မှု၊ လူမှုဘဝပြောင်းလဲမှု၊ မတူကွဲပြားမှုများကို လေးစားမှု စတာတွေက Social Work ပညာရပ်ကို အသုံးချပြီး လူမှုရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ Social Worker တွေရဲ့ အဓိကခံယူချက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူ့အဖွဲ့အစည်းအတွင်းမှာSocial Worker တွေဟာ အ‌ရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။



လူမှုပြဿနာတွေများပြားစွာရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာလည်း Social Work ဆိုတဲ့ ဘာသာရပ်နဲ့ Social Worker တွေကို လိုအပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ YSSW Page ကနေ Social Work နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတွေကို အလျဉ်းသင့်သလို ဝေမျှပေးသွားမှာဖြစ်လို့ Page လေးကိုလည်း Like လုပ်ထားနိုင်ပါတယ်။

What is "Social Work"
Yangon School of Social Work, YSSW IT February 8, 2024
Share this post
Tags
Archive
​​
Who Are "Social Worker"