မသန်စွမ်းအကြောင်းသိကောင်းစရာလို့ ဆိုလိုက်ရင်ပဲ မသန်စွမ်းသူနှင့် မသန်စွမ်းမှု ဒီနှစ်ခုလေးကို ကွဲပြားစွာနားလည်ဖို့ လိုအပ်ပါတယ်။
မသန်စွမ်းသူ ဆိုတာကတော့ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုလိုပါတယ်။ မွေးရာပါ မသန်စွမ်းခြင်းဖြစ်တည်ခြင်းအပြင် ကျွန်မတို့ လူသားတွေဟာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူတွေ ဖြစ်သွားနိုင်ပါတယ်။
ဥပမာပြောရလျှင် -
📍မတော်တဆမှု တစ်ခုခုကြောင့်ဖြစ်စေ၊
📍အဖျားကြီး အပူကြီးလွန်းတာကြောင့် အမြင်၊ အကြားစတဲ့ အာရုံတွေ ပျက်စီးသွားခြင်း
ကြောင့်ဖြစ်စေ၊
📍ဆေးထိုးမှားတာကြောင့် ခြေထောက်တစ်ဖက်ဆာသွားတာမျိုးဖြစ်စေ စတဲ့အခြေအနေတွေကြောင့် မသန်စွမ်းသူတွေ ဖြစ်သွားနိုင်ပါတယ်။
မသန်စွမ်းမှု ဆိုတာကတော့ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် ဥပဒေ/မူဝါဒနဲ့ စနစ်ပိုင်းဆိုင်ရာ စသည့် အတားအဆီးတွေကြောင့် မသန်စွမ်းသူတွေဟာ လူမှုအဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်လှုပ်ရှားနိုင်မှုမရှိခြင်းကို ဆိုလိုပါတယ်။
မြင်သာထင်သာရှိတဲ့ ဥပမာကို ပြောရရင် မသန်စွမ်းသူတွေ သွားလာနေထိုင်ဖို့အတွက် အခက်အခဲဖြစ်စေမဲ့ လမ်း၊ တံတား၊ အဆောက်အဦး ပုံစံတွေ၊ သွားရေးလာရေးအတွက် အသုံးပြုရတဲ့ ယာဉ်တွေ ကားတွေမှာ သူတို့အလွယ်တကူ စီးနင်းလို့မရတဲ့ ပုံစံတွေ ပြီးတော့ သူတို့အပေါ်မှာ လူတွေရဲ့အမြင်သဘောထားတွေ (အမြင်သဘောထား ဆိုရာမှာတော့ သူတို့ကို သိမ်ငယ်စေတဲ့အကြည့်တွေ ဆက်ဆံပုံတွေ အဲ့အမြင်ရဲ့ဆန့်ကျင်ဘက်ကကျတော့လည်း သူတို့မလုပ်နိုင်ဘူး၊ မပါဝင်နိုင်ဘူး သနားစရာလေးတွေဆိုပြီး လျှော့တွက်
ကြတဲ့ အမြင်တွေ စသဖြင့်) စတဲ့အတားအဆီးတွေက မသန်စွမ်းမှုကို ဖြစ်စေတယ်လို့ ဆိုလိုပါတယ်။
မြန်မာနိုင်ငံမှာ ယေဘုယျအားဖြင့်တော့ -
📌 ကိုယ်အင်္ဂါမသန်စွမ်း (Physical Disability)
📌 အမြင်အာရုံမသန်စွမ်း (Visual Disability)
📌 အကြားအာရုံမသန်စွမ်း (Hearing Disability)
📌 ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာမသန်စွမ်း (Intellectual Disability) ဆိုပြီး အမျိုးအစား (၄) မျိုး သတ်မှတ်ထားပါတယ်။
မသန်စွမ်းသူတွေဟာ မသန်စွမ်းအမျိုးအစားတူနေရင်တောင်မှပဲ တစ်ဦးနှင့် တစ်ဦး မတူညီတဲ့ အခြေအနေတွေရှိကြပါတယ်။ ဒီအခြေအနေတွေကို
၁။ အပျော့စား (Mild)
ကိစ္စအတော်များများကို ကိုယ်တိုင်လုပ်ဆောင်နိုင်တယ်။ အဲ့လိုလုပ်ဆောင်နိုင်ဖို့လည်း သူတို့မှာ သင်ယူနိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းရှိပြီး ကိစ္စအနည်းငယ်တွင်သာ အခြားသူအပေါ်မှာ မှီခိုရပ်တည်နေရသူဖြစ်တယ်။
၂။ အလတ်စား (Moderate)
အချို့ကိစ္စများတွေမှာပဲ အခြားသူအပေါ် မှီခိုရပ်တည်နေရသူဖြစ်ပြီး
အပျော့စားအောက်ကို သင်ယူနိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းတွေမှာ အကန့်အသတ်နဲ့ရှိနေသူတွေဖြစ်တယ်။
၃။ အပြင်းစား (Severe)
ဒီပြင်းထန်အဆင့်မှာတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စမှအပ အခြားသူအပေါ် လုံးဝ မှီခိုရပ်တည်နေရသူဖြစ်တယ်။ တချို့မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကအစ အခြားကိစ္စအကုန်လုံးမှာပါ အခြားသူအပေါ် မှီခိုနေရသူတွေဖြစ်တယ်။
ဆိုပြီး (၃) မျိုးခွဲခြားထားပါတယ်။
ဒီအခြေအနေပေါ်မှာမှီပြီး ဘယ်အခြေအနေကတော့ဖြင့် အပြင်းစား သို့မဟုတ် အလတ်စား၊ အပျော့စား ဖြစ်ပါတယ်လို့ တရားဝင်သတ်မှတ်ဖို့ကတော့ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေရယ်၊ အပြုအမူပိုင်းဆိုင်ရာ ကျွမ်းကျင်သူ စတဲ့ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်အပြင် မသန်စွမ်းသူတွေရဲ့ လုပ်နိုင်စွမ်းအခြေအနေအပေါ်မှာမူတည်ပြီးမှ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
မသန်စွမ်းသူတွေရဲ့ မသန်စွမ်းအမျိုးအစားအလိုက် တစ်ဦးချင်းစီ လုပ်နိုင်စွမ်းအခြေအနေတွေက အမှန်တကယ် ကွဲပြားခြားနားသလို လေ့ကျင့်သင်ကြားပေးရမဲ့ နည်းဗျူဟာတွေ ကူညီဆောင်ရွက်ပေးရမဲ့ အပိုင်းတွေကလည်း တစ်ဦးချင်းစီအလိုက် ကွဲပြားခြားနားပါတယ်။ WHO ရဲ့အဆိုအရ လက်ရှိကမ္ဘာ့လူဦးရေရဲ့ ၁၅% သည် မသန်စွမ်း လူဦးရေဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၉ က ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေရဲ့ ၁၂.၈ ရာခိုင်နှုန်း (၅.၉၆၈ သန်း) သော လူတွေဟာ မသန်စွမ်းသူတွေဖြစ်တယ်လို့ သိရှိရပါတယ်။
ထို့အတွက်ကြောင့် မသန်စွမ်းသူတွေကို လူမှု အသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီကြရမယ်။ လက်တွဲ လုပ်ဆောင်ပေးကြရမယ်။ မသန်စွမ်းသူတွေရဲ့အရေးဟာလည်း ကျွန်တော်ကျွန်မတို့ရဲ့ အရေးဖြစ်တယ်လို့ ခံယူရင်းနဲ့ လူမှုအဖွဲ့အစည်းအသိုင်းအဝန်းထဲမှာရှိတဲ့ လူသားတွေအားလုံးက တွဲလက်ညီညာစွာနဲ့ ကူညီပေးကြရအောင်။