​​

A good parenting

ကလေးတိုင်းဟာ မိဘတွေအတွက် အဖိုးအထိုက်ဆုံး ရတနာတွေပါ။ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေ နောင်အနာဂတ်မှာ လူတော်၊ လူကောင်းလေးတွေဖြစ်လာဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ တကယ်မှန်းထားတဲ့အတိုင်းဖြစ်လာဖို့ဆိုရင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရာမှာ အောက်ပါ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အချက်တွေနဲ့ ကိုက်ညီအောင် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။‌ အဲ့ဒါတွေကတော့ ......

၁။ ကိုယ်ကာယ ဖွံ့ဖြိုးကြီးထွားစေရန်

ယနေ့ခေတ်ကလေးအများစုဟာ ဖုန်းတွေ၊ အိုင်ပတ်တွေနဲ့ တနေကုန်ထိုင်နေတတ်ကြပါတယ်။ ကလေးတွေရဲ့ ကိုယ်ခန္ဓာသန်စွမ်းစေဖို့ ကိုယ်လက်လှုပ်ရှား၊ ပြေးလွား ဆော့ကစားမှုတွေလိုအပ်ပါတယ်။ ဒါကြေင့် မိမိရင်သွေးငယ်များ ပြေးလွှားဆော့ကစားတာတွေများအောင် သင်ပြပေးရပါမယ်။ အာဟာရ ပြည့်၀အောင် ဖြည့်တင်းပေးရင်း ကိုယ်လက်လှုပ်ရှားမှု များလာအောင် စီစဉ်ပေးရင် ကိုယ့်ရင်သွေးလေးတွေဟာ ကိုယ်ကာယ ဖွံ့ဖြိုးလာမှာ သေချာပါတယ်။

၂။ ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်

ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာဖို့အတွက် အရင်ဆုံးလုပ်ရမှာကတော့ အခု ကိုယ့်ရင်သွေးလေးအနေနဲ့ တပါးသူအပေါ် ဘယ်လိုဆက်ဆံနေလဲဆိုတာကို သတိထား လေ့လာရမှာပါ။ ရွယ်တူချင်းဖြစ်ဖြစ်၊ သူတို့ထက် အသက်ကြီးသူနဲ့ဖြစ်ဖြစ်၊ ငယ်သူကိုပဲဖြစ်ဖြစ် သူ ဘယ်လိုပုံစံ ပြောဆို ဆက်ဆံနေလဲဆိုတာကို အမြဲ ဆန်းစစ်လေ့လာပြီး လိုအပ်တာတွေကို ကိုယ်ကသင်ပေး ပြောပေး လုပ်ပေးနိုင်မှ တော်ကာကြမှာပါ။ "ကလေး" ပဲ ဆိုးပါစေ ဆိုတာမျိုးနဲ့တော့ အလိုမလိုက်ထားသင့်ပါဘူး။ ငယ်ကအကျင့် ကြီးသည်အထိ ပါတတ်ပါတယ်။

၃။ တစ်ဖက်လူအပေါ်  နားလည်ပေးနိုင်စွမ်း မြင့်မားလာစေရန်

တစ်ဖက်လူအပေါ် စာနာ နားလည်ပေးနိုင်စွမ်းဆိုတာ အလိုအလျောက်ဖြစ်လာမယ့် အရည်အချင်း မဟုတ်ပါဘူး။လူကြီးများကိုယ်တိုင်က ကလေးရဲ့ရှေ့မှာ တစ်ဖက်လူကို စာနာ နားလည်ပေးနိုင်စွမ်းတွေ ပြသနိုင်မှ ကလေးဟာလည်း ထိုအရည်အချင်းကို သင်ယူနိုင်မှာဖြစ်ပါတယ်။ အဲ့တော့ ကိုယ်တွေ နေ့စဉ် ပြောဆို ဆုံးမနေတဲ့အထဲမှာ ဒီလိုအရည်အချင်းတိုးတက်လာစေဖို့ သင်ပြပေးတာတွေ ပါရဲ့လားဆိုတာ ပြန်လည်သုံးသပ် စဉ်းစားရပါမယ်။

၄။ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့သူဖြစ်လာစေရန်

မိမိရဲ့ စိတ်ခံစားမှုကို သိရှိပြီး ထိန်းချုပ်နိုင်ဖို့ဆိုတာ လူကြီးတွေအတွက်တောင် မလွယ်ကူတဲ့အရာပါ။ ထိုမလွယ်ကူလှတဲ့ မိမိရဲ့စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်း မြင့်မားဖို့အတွက် ငယ်စဉ်ကတည်းက သေချာ လေ့ကျင့် ပျိုးထောင်ပေးထားဖို့ အရေးကြီးပါတယ်။ သုတေသနများအရဆိုရရင် စိတ်ခံစားမှုကို ထိန်းချုပ်နိုင်သူတွေဟာ ပိုပြီး အောင်မြင်ကြတာ တွေ့ရပါတယ်။ ယနေ့ခေတ်မိဘများက ကလေးတွေကို သွန်သင်ရာမှာ ဒီအချက်ကို တိုးတက်လာအောင် လုပ်ဖို့မေ့နေတတ်ကြပါတယ်။

၅။ ပညာရပ်တွေကို မြန်ဆန်စွာ လေ့လာနိုင်တဲ့သူ ဖြစ်လာစေရန်

ချက်ဆို နားခွက်က မီးတောက်ပြီးသားဆိုတာ တကယ်တော့ သူ့မှာ အသိပညာ အခံလေးရှိလို့ပါ။ ကိုယ့်ရင်သွေးငယ်များ ပညာပိုတော်ရင် လူတိုင်းပျော်ကြပေမယ့် သူတို့ ပညာစသင်တာနဲ့ ပိုတော်တဲ့သူဖြစ်အောင်ဆိုပြီး ကြိုတင် စနစ်တကျ ပျိုးထောင်သူကျ တော်တော်နည်းနေပါသေးတယ်။ အဲ့ဒါကြောင့် ကိုယ့်ကလေးကို ပျိုးထောင်ရာမှာ ဒီအချက်ကိုလည်း အမြဲ သတိရပြီး သူတို့သိသင့်တာမှန်သမျှ သင်ပေးထားသင့်ပါတယ်ခင်ဗျာ။

၆။ လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူဖြစ်လာစေရန်

ကလေးငယ်များက သူတို့ရဲ့ မိဘဖြစ်သူ၊ အုပ်ထိန်းသူဖြစ်သူဆီက နေ့စဉ် သင်ယူနေကြတာဖြစ်ပါတယ်။

အဲ့တာကြောင့် ကလေးငယ်တွေရဲ့ တိုးတက်မှုဟာ သူ့မိဘတွေနဲ့ အများကြီးဆိုင်တာမို့ ကလေးတွေရှေ့မှာ အရှုံးပေးတဲ့ အပြုအမူတွေ၊ စကားတွေ မပြောမိ မလုပ်မိအောင်ပါ နေသင့်ပါတယ်။

* အကယ်၍ ကိုယ်တိုင် ဘယ်လို activities တွေ လုပ်ရမယ်ဆိုတာ သေသေချာချာ မသိရင်တော့ ကျွမ်းကျင်သူတွေ၊ Social Workers တွေဆီက အကြံဉာဏ်ယူပြီး ဆောင်ရွက်သင့်ပါတယ်ဗျာ။*



A good parenting
Yangon School of Social Work, YSSW IT February 15, 2024

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Clinical Social Worker